
စာရေးသူတစ်ယောက်ဖြစ်လာတဲ့အခါ စာဖတ်သူတွေကို အကောင်းဆုံးစာတွေ ဖန်တီးပေးချင်တဲ့ အာသီသကို တားဆီးလို့ မရနိုင်တော့ဘူး။
စိတ်ခွန်အားဖြည့်စာစုတွေ စာရေးဆရာတိုင်း ထွက်နေကြတယ်။ ဒီတော့ အတွေးတူ၊ အရေးတူတွေဖြစ်လာပြီး စာဖတ်သူတွေရဲ့ စိတ်အာရုံတွေ ငြီးငွေ့လာမလားစိတ်ပူမိတယ်။ စာပေဆိုတာ စာဖတ်သူရဲ့ နှလုံးသားကို ဆွဲဆောင်ညှို့ယူသွားနိုင်မှ ရသ မြောက်ပါတယ်။
စာအုပ်တစ်အုပ်မှာ စာဖတ်သူကို စီးမျောနစ်ဝင်သွားစေချင်တယ်။ စာဖတ်သူရဲ့ နှလုံးသားကို နုသစ်လန်းဆန်းသွားစေချင်တယ်။ ဒီတော့ စာရေးသူနဲ့ စာဖတ်သူ နှလုံးသားချင်း ထပ်တူကျစေမယ့် ‘ချစ်ရသူအတွက်ရေးတဲ့စာ’ ဆိုတဲ့ ရသစာစုလေးကို ကြိုးစားပြီး ရေးသားထုတ်ဝေဖြစ်ခဲ့ပါတယ်။
ဒီစာစုလေးတွေဟာ ချစ်ရတဲ့တစ်စုံတစ်ယောက်အတွက် ရည်ညွန်းရေးသားထားသလိုမျိုးမို့ ကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ဒီစာအုပ်ထဲမှာ ဖွင့်ဟထားတဲ့အတိုင်း စာဖတ်သူအတွက် ခံစားရစေမှာပါ။ နူးညံ့လှပတဲ့ စကားလုံးတွေက စာဖတ်သူရဲ့ ရင်ထဲကို ထိရှစေပြီး ‘စစ်မှန်တဲ့ အချစ်ဆိုတာ ဒါမျိုးပါလား’ ဆိုပြီး တမ်းတလွမ်းမောသွားစေနိုင်မှာပါ။
ချစ်ရသူအတွက် ဘာတွေ ရေးထားသလဲ…
အချစ်ရေ–
❣️မင်းမျက်နှာလေး နေ့တိုင်းပဲ မြင်ချင်တာပေါ့။ မင်းအသံလေး နေ့တိုင်းပဲ ကြားချင်တာပေါ့။
❣️မင်းနဲ့ဖတ်ဖူးခဲ့သမျှ စာအုပ်တွေအကြောင်း တစ်နေကုန် ထိုင်ပြောနေချင်တာပေါ့ အချစ်ရယ်။
❣️အချစ်ဆိုတာ စကားလုံးအဖြစ်တောင် စာလုံးပေါင်းဖို့ မေ့နေတဲ့ကိုယ်က မင်းနာမည်ကိုတော့ အကြိမ်ကြိမ် စာလုံးပေါင်းမိနေတယ်။
❣️အရာရာတိုင်းမှာ ပြတ်သားခဲ့တဲ့ကိုယ်ဟာ မင်းကို မလွမ်းတော့ဘူးလို့ မပြတ်သားရဲတော့ လူမသိသူမသိ ကျိတ်လွမ်းနေရတယ်။