
ဒီစာအုပ်လေးဟာ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်လေးပါ။
အချစ်နဲ့ မကင်းနိုင်သေးတဲ့ လောကီ လူသားပီပီ ချစ်ခြင်းမေတ္တာတွေကို နှလုံးသားနဲ့ရင်းပြီး လှစ်ဟ ဖွင့်ပြထားပါတယ်။
တစ်စုံတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်ဖူးပါသလား။
အချိန်တိုင်း၊ စက္ကန့်တိုင်း မှတ်ဥာဏ်တွေထဲမှာရော၊ နှလုံးသားရဲ့ အခန်းလေးထဲမှာပါ သူ့ပုံရိပ်လေးတွေ၊ သူ့ဟန်ပန် အမူအရာလေးတွေ စိုးမိုးဖူးပါသလား။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့စေတဲ့အထိ၊
ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပေးဖို့ မေ့လျော့စေတဲ့အထိ၊
ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်မိတဲ့ လူတစ်ယောက်အကြောင်းကို
ကဗျာ၊ စာစုလေးများဖြင့် သီကုံးထားပါတယ်။
"ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်ထားတဲ့ကမ္ဘာမှာ
ချစ်ခြင်းမေတ္တာနဲ့ပဲ လည်ပတ်လိုပါတယ်"
တစ်ယောက်သောသူကိုပဲ မေတ္တာတရားတွေ ပေးနိုင်သမျှ ပိုပိုသာသာ ပုံပေးပြီး အဲဒီတစ်ယောက်ဆီကပဲ ရနိုင်သမျှ ကြည်ကြည်ဖြူဖြူပဲ ရလိုပါတယ်။ အချစ်တွေ ထပ်တူကျတာလောက် ဘယ်အရာက ကြည်နူးစရာ ကောင်းပါ့မလဲ။
"ကိုယ်ကလည်း မင်းကို ချစ်တယ်၊
မင်းကလည်း ကိုယ့်ကို ချစ်တယ်၊
ဒီလောက်ဆို လောကဓံကို လက်ခမောင်း ခက်လို့ရရဲ့ မဟုတ်လားကွယ်"
အဲသလို ကိုယ်ကိုယ့်ကိုယ်ထက် ပိုချစ်တဲ့ လူတစ်ယောက်အကြောင်းကို ကြည်နူးစွာ ဖတ်ရှုရမယ့် စာအုပ်လေး။ ခေါင်းစဥ်က -
" ငါ့ကိုယ်ငါထက် ပိုချစ်တယ်" တဲ့။
"အကြောင်းဆက်မယ့် ရေစက်လေး
ပေါင်းဖက်မယ့် ဖူးစာလေးတွေ ဖြစ်ကြပါစေ"