စာအုပ်က ပါးပါတယ်၊
စာတမ်းငယ်တွေက တိုပါတယ်၊
ဒါပေမဲ့---
တွေးအားကောင်းရင် ကောင်းသလောက်
အထဲမှာပါတဲ့ စာတမ်းငယ်တွေရဲ့ခွန်အားက
စာဖတ်သူရဲ့နှလုံးသားကိုထိရှနစ်ဝင်သွားပါလိမ့်မယ်။
အခုအချိန်မှာ ငယ်ငယ်က အကြောင်းလေးတွေကို ပြန်ပြီး သတိရနေမိပါတယ်။
အဘိုးနဲ့အဘွားတို့ကပဲဖြစ်ဖြစ်၊
အဖေနဲ့အမေတို့ကပဲဖြစ်ဖြစ်၊
ဦးကြီးနဲ့ဦးလေးတို့ကပဲဖြစ်ဖြစ်၊
အရီးကြီးနဲ့အရီးလေးတို့ကပဲဖြစ်ဖြစ် မှတ်စရာ၊ သားစရာ စကားလေးတွေ ပြောပြကြတဲ့အခါ ကျွန်တော် သိပ်ပျော်ခဲ့ရပါတယ်။
အမှန်တော့ ကလေးဆိုတာ လူကြီးတွေဆီကနေ ပုံတိုပတ်စလေးတွေ ကြားရတဲ့အခါ ကျေနပ်တတ်ကြတာ သဘာဝပါပဲ။
ရယ်စရာတွေလည်း ပါမယ်၊ ကြောက်စရာတွေလည်း ပါမယ်၊ အတုယူစရာတွေလည်း ပါမယ်၊ ရှောင်ကြဉ်စရာတွေလည်း ပါမယ်။ ဘာပဲပါပါ၊ ကလေးတွေရဲ့ သဘာဝအတိုင်း သဘောကျပြီး နှစ်ခြိုက်တတ်ကြတာ မထူးဆန်းပါဘူး။
ပြောတဲ့သူဆီကနေ တစ်ခုခု ရလိုက်တာကိုပဲ ကျေနပ်နေကြရတာဖြစ်လို့ အဲဒီလို စကားဝိုင်းလေးတွေကို တွေ့လေတိုင်း ကျွန်တော် နားစွင့်တတ်လေ့ရှိပါတယ်။
ပြောသူက တစ်ယောက်တည်း၊ နားထောင်ကြတဲ့သူတွေက လေး၊ ငါးယောက်ဆိုတော့ လူအုပ်ကလည်း မနည်းလှပါဘူး။
တစ်ခါတလေ ပြောတဲ့သူက လူကြီးမဟုတ်ဘဲ ကလေးတွေအချင်းချင်း ကြားဖူးနားဝတွေကို ဖလှယ်ကြတာမျိုးလည်း ရှိကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှတ်စရာ၊ သားစရာလေး တစ်ခုခုတော့ ကျန်ခဲ့တာပါပဲ။
ကျွန်တော်ကိုယ်တိုင် နားထောင်သူအဖြစ်နဲ့ အကြိမ်များစွာ ဖြတ်သန်းခဲ့ပြီးပြီ။ ပြောသူအဖြစ်နဲ့လည်း အကြိမ်များစွာ ဖြတ်သန်းခဲ့ပြီးပြီ။ အခုလည်း ပြောသူအဖြစ်နဲ့ နောက်တစ်ကြိမ် ဖြတ်သန်းခွင့် ရခဲ့ပြန်ပါပြီ။
အုပ်စုဖွဲ့ပြီး ပြောကြဖို့၊ ဝိုင်းဖွဲ့ပြီး နားထောင်ကြဖို့ ကျွန်တော်တို့မှာ ငယ်ငယ်ကလို အချိန် မလောက်ကြတော့ပါဘူး။ ဒီတော့လည်း အခုလိုပဲ စာလေးရေးပြီး ကိုယ်ပြောချင်တာလေးတွေကို အေးအေးလူလူ ပြောဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာပါတဲ့ စာတမ်းငယ် ၁၂ ပုဒ်က ကျွန်တော် ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။ နားထောင်သူတွေအားလုံး၊ တစ်နည်းအားဖြင့် စာဖတ်သူတွေအားလုံး တစ်စုံတစ်ခုသော အကျိုးပီတိကို ခံစားရလိမ့်မယ်လို့လည်း ထင်မြင်ယူဆမိပါတယ်။