လူတိုင်းသည် အချစ်နှင့် ကင်းကြသူများမဟုတ်။ တချို့က ပြောကြသည်။ "တစ်ထောင့်ငါးရာအချစ်နဲ့ချစ်တာလား... ငါးရာနှစ်ဆယ့်ရှစ်အချစ်နဲ့ ချစ်တာလား" တဲ့။ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာသည် အေးမြ၏။ သာယာပျော်ရွှင်ဖွယ်ကောင်း၏။ ကြည်နူးစရာကောင်း၏။ သို့သော် တစ်ထောင့်ငါးရာအချစ်စစ်ခဲ့ပါလျှင် ငါးရာနှစ်ဆယ့်ရှစ်အချစ် လိုက်မမီတော့ပါ။ ဤနေရာတွင် အချစ်စစ်အချစ်မှန်နှင့် မတွေ့ဘဲ အချစ်တု၊ သံယောဇဉ်အတုများနှင့် ကြုံတွေ့လာရသောအခါ ခံစားရမည့်သူမှာ ပိုချစ်ရသည့်သူပါ။
"အချစ်ကို စျေးကစားသလို အရှုံးအမြတ်တွက်၍ မရ" တဲ့။ ထိုစကားသည် မှန်သင့်သလောက် မှန်သော်လည်း ချစ်မိသူသည် ကိုယ့်အချစ်ထက် သာအောင် မချစ်ပြနိုင်လျှင် နေပါ။ လျှော့၍တော့ မရလိုကြပါ။
သည်အထဲ အဝင်းဆိုသည့်မိန်းကလေးတစ်ဦးမှာ အချစ်ကို ကိုးကွယ်မိရာက ဖြစ်ပေါ်လာသည့် ခံယူချက်၊ ခံစားချက်၊ နာကျင်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှုတွေဟာ သူ့အတွက် နိဗ္ဗာန်တစ်ခုလို သဘောထားပြီး ပျော်မွေ့နေမိပါသည်။
မောင့် အလိုကျနေခဲ့သည့် အဝင်း၊ မောင့် ဆီက လိုချင်သည်မှာ ချစ်ခြင်းမေတ္တာ။ သူ ဒုက္ခရောက်နေချိန် အနားကို ရောက်မလာသည့် မောင်၊ သူ့အပေါ် ဘယ်လောက်ထိ စိမ်းကားစိမ်းကား၊ ရက်စက်ရက်စက်၊ မောင့်အပေါ် နည်းနည်းလေးမျှ အပြစ်မယူ။
ချစ်တတ်လွန်းလှပါလား... အဝင်းရေ။
တချို့က "နင်ကိုက အမှတ်သည်းခြေ မရှိတာ" တဲ့။
"ချစ်ရတာ မတန်လိုက်တာ မောင်ရယ်" ဆိုတဲ့စကား အဝင်းက တကယ်ပဲပြောခဲ့သလား။ သို့တည်းမဟုတ် ဘေးကကြည့်နေသူတွေက အဝင်းအစား မခံစားနိုင်၍ ဘေးကနေ ဝင်ပြောနေကြသည်လား ဆိုတာကိုတော့ စာအုပ်လေးကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မည်။
ချစ်ခင်စွာဖြင့် ~သိုက်(ရွှေကူ)